ကျိုက်လတ်၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်လတ် ဇူလိုင်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နေ့လယ်  (၁) နာရီက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဆေးရုံအုပ်ကြီး ဒေါက်တာမင်းသိန်းက ကျန်းမာ ရေးသည် အရေးကြီးကြောင်း၊ ယခုအချိန်အခါသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အချိန်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ခြင်အမျိုးအစားသုံးမျိုးရှိကြောင်း ခြင်ကျား၊ ငှက်ဖျားခြင်၊ ဆင်ခြေထောက်ခြင်တို့ဖြစ်ပြီး ဥ ဥပြီး အကောင်ပေါက်ရန် (၁၀)ရက်ကြာကြောင်း၊ ခြင်ထောင်ထဲတွင် စာကျက်သင့်ကြောင်း၊ ခြင်ဆေးခွေသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသဖြင့် မထွန်းသင့်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်းတို့ကို  အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေး ဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီက ပိုးလောက်လန်းရှိသည့် ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများကို ပိုးလောက်လန်းဘဝမှ ခြင်အကောင်မဖြစ်စေရန် (၇)ရက်တစ်ခါ ရေများ လဲလှယ်ပေးသင့်ကြောင်း၊ ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် နေရာများ၌ အဘိတ်ဆေးခတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရန် လိုကြောင်းများစသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ် ရမည့် နည်းလမ်းများကို  အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ကိုယ်စား ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်သက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာ ပေးမေးခွန်းများ မေးမြန်း၍ အမှတ်တရလက်ဆောင်များလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရီရီမြင့်