ကန်ပိုက်တီ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့ပေါ်ရှိ ပြည်သူများအနေဖြင့် ယခုကာလအတွင်း ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အညီ ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသုံးနိုင် ရေးအတွက် စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် လူဝင်လူထွက်ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများအား ယမန်နေ့နံနက် (၁၁)နာရီတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးလာဝူ ဦးဆောင်သော မြို့ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များမှ မိမိတို့ဆိုင်ရှေ့တွင် လက်ဆေးဘေစင်၊ ဆပ်ပြာထားရှိပြီး စနစ်တကျလက်ဆေးခြင်း၊ သတ်မှတ်ထားသော နှာခေါင်းစည်း Mask၊ Face Shield နှင့် လက်အိတ်များ တပ်ဆင်ပြီးမှသာ ဈေးရောင်း/ဈေးဝယ်များပြုလုပ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ပိုစတာများနှင့် “မိမိကစ၍ ကာကွယ်စို့”အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကန်ပိုက်တီမြို့ တိုက်နယ်ဆရာဝန်တောင်ဇင်အောင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး “သက်တမ်းလွန်” စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့် ဆိုင်များအား သဘာ ဝဘေးအန္တရာယ်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဝထုံဇယ်ဒိုင်(ပြန်/ဆက်)