မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်တွေ့ဆုံ

အထက်မင်းလှ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က မြို့နယ်အဆင့်ပြည်သူ့လုံခြုံ ရေးကြီးကြပ်မှုအဖွဲ့၊ ဖွဲ့စည်းထားပြီးဖြစ်၍ အဖွဲ့ဝင်များအနေဖြင့် ကျေးရွာများသို့ တစ်လလျှင် အနည်းဆုံး(၂)ကြိမ် မပျက်မကွက်ကွင်းဆင်းဆောင်ရွက်ရန်၊ နယ်မြေကွင်းဆင်းဆောင်ရွက်မည့် အစီအမံများအား (၂)လတစ်ကြိမ် စီမံချက်ရေးဆွဲဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားဂရုပြုဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြို့နယ်အဆင့်ပြည်သူ့ လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တွေ့ဆုံပွဲတက်ရောက်လာသည့် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)