နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးစိုက်သီးနှံများအဖြစ် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ ပဲတီစိမ်း၊ ပဲနောက်သီးနှံများစိုက်ပျိုးခဲ့ရာ ယခုအခါပဲတီးစိမ်းသီးနှံတစ်မျိုးဖြစ်သည့် ရေဆင်း-၁၄ ပဲတီစိမ်းများရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ငယ်ငယ်တို့ကတော့ စိုက်ပျိုးရေးနည်းစနစ်တွေက ခေတ်မီမှုမရှိသေးတော့ မိရိုးဖလာ ပဲနောက်မျိုးကိုဘဲ စိုက်ပျိုးခဲ့တယ်လို့သိရပါတယ်၊ နှစ်တွေကြာလာတော့ နည်းပညာအပြောင်းအလဲကြောင့် သီးနှံမျိုးကွဲသစ်များ ပေါ်ပေါက်လာတယ်လေ၊ ဒါကြောင့် အခုကျွန်တော်တို့က ပဲနောက်စေ့ထက်သက်တမ်းတို ပြီးအထွက်နှုန်းကောင်းတဲ့ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရတာပါ၊ ပဲနောက်ဆိုတာက အစေ့သေးသေးလေးတွေပါ၊ ပဲတီစိမ်းကတော့ အတောင့်လည်းကြီး အစေ့လည်းကြီးတယ်၊ ပိဿချိန်နဲ့ဆိုရင် ပဲနောက်စေ့က အချိန်စီးပြီး ပဲတီစိမ်းကဝိတ်ချိန်သိပ်မစီးဘူး၊ အခုကျနော်စိုက်ပျိုးတဲ့ ပဲတီစိမ်းက ရေဆင်း-၁၄ မျိုးပါ၊သက်တမ်းက ရက်ပေါင်း(၅၀) ရောက်တဲ့အချိန်မှာ ပဲတီစိမ်းတွေ ရင့်မှည့်ခြောက်သွေ့လာတာပါ၊ ပဲတီစိမ်းပေါ်လာလို့ စျေးကွက်ကိုတင်ပို့ရောင်းချနေပါပြီ ”ဟု လျှော်တောင်ကျေးရွာက ဦးမြင့်ဦးက ပြောသည်။
တောင်သူများအနေဖြင့် ပဲတီစိမ်းများကို စျေးကွက်သို့တင်ပို့ရောင်းချလျက်ရှိရာ ပဲတီစိမ်းတစ်ပိဿာကို (၂၄၅၀) ကျပ်နှုန်းဖြင့် စျေးနှုန်းဖြစ်လျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် ယနေ့ချိန်ထိပဲတီစိမ်း စိုက်ပျိုးပြီးစီးမှုဧကစုစုပေါင်း ( ၂၆၉၆) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
မူမူစန်း (ပြန်/ဆက်)