ချောင်းဦး ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ကျောင်းဖွင့်လှစ် ပညာသင်ကြားနေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ ရောဂါကင်းစင် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများ ဒုတိယအကြိမ်နှင့် ကျောင်းသားအသစ်များအား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန် စသည့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ကာကွယ်ဆေးထိုးရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ပါရှိခြင်းရှိမရှိ၊ စာရင်းရေးသွင်းရာတွင် အချက်အလက်များ စုံလင်စေရေး ကြည့်ရှုခဲ့သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသားကလေးငယ်များ၏ မိဘများကို တွေ့ဆုံပြီး ကာကွယ်ဆေးထိုးပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားကာ လိုအပ်သည်များအား ကူညီပေးခဲ့သည်။ အခြေခံပညာကျောင်းများ၏ ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများကို စုစည်း၍ စုရပ်ဖြစ်သည့် အနော်ရထာခန်းမသို့ လာရောက်ကြသလို ကလေးငယ်များ၏ မိဘများလည်း လိုက်ပါလာပြီး မိဘအုပ်ထိန်းသူ ခွင့်ပြုကြောင်း လက်မှတ်ထိုးပေး၍ အချက်အလက်များ ရေးသွင်းရာတွင် ကူညီပေးကြသည်။ ဆေးထိုးစုရပ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာကျော်နိုင် ဦးဆောင်သည့် ကာကွယ်ဆေးထိုးအဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စာရင်းရေးသွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် ရာထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၃၂၃ ဦးရှိပြီး၊ ပထမအကြိမ်ထိုးနှံပြီးသူ ၃၇၅ ဦး၊ အသက်၁၂နှစ်မှ၁၇နှစ်အတွင်း ၁၇ ဦး၊ စုစုပေါင်း ၃၉၂ဦး၊ ဒုတိယအကြိမ်လာရောက်ထိုးနှံသူ ၅နှစ်မှ ၁၂နှစ်အထိ ၂၁၆ဦး၊ ၁၂နှစ်မှ ၁၇နှစ် ၅ဦး၊ စုစုပေါင်း ၂၂၁ဦး လာရောက်ထိုးနှံခဲ့ကြောင်း၊ ကျောင်းသားအသစ် ပထမအကြိမ်အဖြစ် ၅နှစ်မှ ၁၂နှစ်အထိ ၁၄၃ဦး၊ ၁၂နှစ်မှ ၁၇နှစ် ၅၇ဦး၊ စုစုပေါင်း ၂၀၀ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)