သရက်ချောင်း ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့''ဆိုသည့် ဆောင်ပုဒ်အတိုင်းနိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့က စတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦစီးဌာနတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများနှင့်(ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး ၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)