သံတောင်ကြီး ဇူလိုင် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာများကို အသက်မွေးဝမ်းကျောင်းဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပေါ်ဦးပေါ်စချိန်တွင် ဈေးကောင်းရရှိသော်လည်း ယခုလ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ(၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိရှိသည်။ တညင်းပင်များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို တောင်ငူမြို့ရှိ တညင်းသီးအဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချပြီး ပေါ်ဦးပေါ်စတွင် တညင်းသီး(၁)ပုံးလျှင် ကျပ် ၃၀၀၀၀ မှ ကျပ် ၃၂၀၀၀ အထိရရှိခဲ့ကြောင်း ယခုလ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေနှုန်းကျဆင်းလျက်ရှိပြီး တညင်းသီး(၁)ပုံးလျှင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ သာရရှိကြောင်း တညင်းသီးစိုက်တောင်သူတစ်ဦးထံက သိရသည်။
နော်နော်မူ