နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး ဇီးကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇီးကုန်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဇီးကုန်းမြို့နယ်တွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက် ရွှေတောင်တက်(၁)လမ်း၊ (၂)လမ်း၊ (၃)လမ်းအား ကွန်ကရစ်လမ်းခင်းနေမှုအားလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မော်ရကွန်ကရစ်တံတား တည်ဆောက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ ချောင်းကမ်းကျေးရွာအုပ်စု၊ ကရင်ကုန်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးစိုက်ပျိုးထားသည့် RS မျိုးစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် တွေ့ဆုံ၍ ဇီးကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရန်၊ လမ်းတံတားတည်ဆောက်မှုလုပ်ငန်းများအား အချိန်မီပြီးစီးရန်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် ပူးပေါင်းဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)