အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားနိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက်

အုတ်တွင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဥယျာဉ်တော်ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ဆန်းဦးက မိုးစပါး၊ ဆောင်းပဲတီစိမ်း၊ နွေစပါးသုံးသီးစားတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ ဒေသခံတောင်သူများအား ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်းကို လက်တွေ့သင်ကြားပြသပေးခဲ့သည်။

ထို့နောက်​မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိဦးဆန်းငြိမ်းဇော်က လယ်ယာမြေကဏ္ဍများနှင့် လယ်ယာမြေဥပဒေများအားလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ AE ဦးအောင်ဇော်တိုးက စိုက်ပျိုးရေပေးဝေမှု အခြေအနေများအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေးအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)