ဘားအံ ဇူလိုင် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ ကော့ကရိတ်ခရိုင်အတွင်းရှိ ရန်ကုတ်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းကိုတက်ရောက်ကြသော သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရပ်ရွာအတွက် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ရန်ကုတ်ကျေးရွာအုပ်စု၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား(၂၀)ဦးဖြင့် ဇွန်လ ၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အခြေခံလျှပ်စစ်ကို နည်းလမ်းမှန်ကန်စွာတတ်မြောက်စေရန်၊ လက်သုံးကိရိယာများ အသုံးပြုပုံနှင့် ဂရုတစိုက်ထိန်းသိမ်းတတ်စေရန်၊ စမ်းသပ်စစ်ဆေးနည်းနှင့် ပြစ်ချက်ရှိသော နေရာရှာဖွေတတ်မြောက်စေရန်၊ အန္တရာယ်ကင်းရှင်းရေးကို ကြိုတင်တွေးဆသိရှိရန်နှင့် ကာကွယ်နိုင်စေရန်၊ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများကို သွယ်တန်းတပ်ဆင်လာနိုင်စေရန်၊ အိမ်တွင်းလျှပ်စစ်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နားလည်နိုင်စေရန်၊ NSSA အကြောင်းနှင့် EI အကြောင်းများ ပိုမိုနားလည်နိုင်စေရန်၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှုကို သက်ဆိုင်ရာပတ်ဝန်းကျင်တွင် အသိပညာဖြန့်ဝေပေးနိုင်စေရန်၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုကို စနစ်တကျ သွယ်တန်းတပ်ဆင်နိုင်စေရန် စသည့်ဘာသာရပ်များကို စာတွေ့(၃၀%)၊ လက်တွေ့(၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊၏ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရန်ကုတ်ကျေးရွာအုပ်စုမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် လက်တွေ့သင်ကြားပေးသွားမည့်ဘာသာရပ်များ၊ လက်သုံးကိရိယာများနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)