ဒိုက်ဦးမြို့နယ်ရှိ ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဆွေသက်အောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြောကြားပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ  အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များပြသခြင်း၊ ငှားရမ်းပေးခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် သုတ/ရသစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးထံ စာအုပ်အုပ်ရေ(၅၀)အုပ်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)