ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်နှိုးဆော်အသိပေး

ကမမောင်း ဇူလိုင် ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများ လှည့်လည်နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအလိုက် အကြိမ်အရေတွက် အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်- ၁၉ ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများအား အထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်း၊ပြန်/ဆက်)