လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းများကို တစ်နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ်သင်ကြားပေး

ပုသိမ် ဇူလိုင် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊  ပုသိမ်မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သက်မွေးလုပ်ငန်းပညာ သင်တန်းများကို (၁)နှစ်လျှင် (၈)ကြိမ် သင်တန်းဖွင့်လှစ်ပေးလျက်ရှိရာ ယခု (၂/၂၂-၂၃) သင်တန်းကို (၁၃.၆.၂၀၂၂) ရက်နေ့မှ (၂၂.၇.၂၀၂၂)ရက်နေ့ထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မိန်းမ၀တ်(လက်မ) (အခြေခံ/အဆင့်မြင့်)၊ ကျားရှပ် (အခြေခံ/အဆင့်မြင့်)၊ ဇာထိုး-ပန်းထိုး (အခြေခံ/အဆင့်မြင့်)၊ မြန်မာအစား အစာ၊ မုန့်မျိုးစုံ(အခြေခံ/အဆင့်မြင့်)၊ မိန်းမဝတ် (စင်တီ) (အခြေခံ/ အဆင့်မြင့်)၊ မော်တာစက်ချုပ်သင်တန်း စသည့် ဘာသာရပ်(၁၅)မျိုး သင်ကြားပေးလျက်ရှိရာ ဘာသာရပ်များထဲမှ မိမိတို့စိတ်ဝင်စားသည့် ဘာသာရပ်များကို တက်ရောက်သင်ကြား နိုင်မည်ဖြစ်သည်။

သင်တန်းအပါတ်စဉ် (၁)ခုလျှင် (၁)လခွဲ သင်ကြားပေးလျက်ရှိပြီး သင်တန်းချိန်များမှာ နံနက် (၉:၃၀)နာရီမှ (၁၂:၃၀)နာရီ ၊ နေ့လည် (၁:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ အထိ သင်ကြားပေးလျက်ရှိသည်။ ယခု(၂/၂၂-၂၃) သင်တန်းတွင်  သင်တန်းသား/သူ စုစုပေါင်း (၈၃)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး၊ အိမ်တွင်းမှုသင်တန်းသို့ တက်ရောက်သော သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတို တောင်းသော်လည်း ပို့ချသည့်ဘာသာရပ်များကို အားကြိုးမာန်တက် ဆည်းပူးလေ့လာကြခြင်းဖြင့် မိမိဘဝရပ်တည်နိုင်ခြင်း၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများ ရရှိကာ တစ်နိုင်တစ်ပိုင် ရှာဖွေပေးနိုင်ခြင်းအပြင် အလုပ်အကိုင်အခွင့် အလမ်းများပါ ရရှိလာမည်ဖြစ်ပါ သဖြင့် ဘဝအတွက် အကျိုးကျေးဇူးများစွာ ရရှိလာမည်ဖြစ်သည်။

အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် အိမ်တွင်းမှု ပညာရပ်များတွင် ကျွမ်းကျင် လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်စေရန်နှင့် အမျိုးသား၊ အမျိုးသမီးများ မိသားစု အိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်း သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းမှ ပြောကြားခဲ့သည်။

မြင့်ဟန်