ဒေးဒရဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ဒေးဒရဲ-ဖျာပုံ ကားလမ်းတစ်လျှောက်နှင့် ကျေးရွာများသို့ ကွင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးက ဦးစီး အရာရှိ ဦးဇော်ဝင်းနောင်နှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်း အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် GIS နည်းပညာအား အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာ တည်နေရာ(Point)များ ကောက်ယူပြီး မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းများအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်အား ထိရောက်စွာ ပံ့ပိုးနိုင်ရန်၊ စာရင်းကောက်ယူရမည့် ဒေသများကျန်ခြင်း၊ ထပ်ခြင်းမရှိစေ ရန်အတွက် နယ်နိမိတ်တိကျသည့် စာရင်း ကောက်ကွက်များ ပိုင်းခြားသတ်မှတ်နိုင်ရန်နှင့် စာရင်းကောက်ယူသည့် ဒေသများကို မြေပုံများ ဖြင့် တိတိကျကျ ညွှန်ပြနိုင်ရန် ရည်ရွယ်၍ အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဦးဇော်ဝင်းနောင်၏ ပြောကြားချက် အရ သိရသည်။
ရွှေဒေးသူ