ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများထံအရောက် ကွင်းဆင်း၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၆

ကျောင်သား/သူ၊ လူငယ်လူရွယ်များအနေဖြင့် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယနေ့နံနက် (၁၁)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဆူးပဒေါင်းကုန်းကျေးရွာ အုပ်စုရှိ မင်းလှစု အ..က(ခွဲ) ကျောင်းအရောက် ကွင်းဆင်း၍ ကျောင်းသား/သူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးကဏ္ဍတွင် အားကစားသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မိမိတို့ မြို့၊ ရွာ၊ မိမိတို့နိုင်ငံ အားကစားဂုဏ်မြှင့်တင်နိုင်ရေးအတွက် လူငယ်တိုင်းတွင် တာဝန်ရှိကြောင်း၊ အားကစားဝါသနာပါသူ ကျောင်းသား/သူများ အနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လာရောက်အခမဲ့ ဆော့ကစားနိုင်ပြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်နှင့် ဝန်ထမ်းများမှ ကျောင်းသား/သူများနှင့်အတူ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများအား သရုပ်ပြဆော့ကစားခဲ့ကြောင်းနှင့် မင်းလှစု အ..က(ခွဲ)ကျောင်းအတွက် ဘောလုံး၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်းပိုက်၊ ဘောလီဘော အားကစားပစ္စည်းများအား မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ လက်ခံခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)