ပွင့်ဖြူ ဇူလိုင် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ပြင်ပ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲ ဆောင်ရွက်ရခြင်းအား ရှင်းလင်းပြောကြားပြီး "ကူလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ၊ လူကုန်ကူးခြင်း ကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့၊ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး" စသည့် ခေါင်းစဉ်များဖြင့် ကျောင်းသားကျောင်းသူများကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးဟောပြောသည့် ခေါင်းစဉ်တစ်ခုချင်းအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးကာ ပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)