ငွေဆောင် ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေတွင် ယနေ့ဇူလှိုင်လ (၆) ရက်နေ့၊ နံနက် (၇:၀၀) မှော်ဘီမြို့၊ အောင်ဇမ္ဗူကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်မှ ကြီးမှူးကာ သဲပုံစေတီတော်အား ဒကာ၊ ဒကာမများနှင့်အတူ တည်ထားပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဆရာတော်များက ဒကာ၊ ဒကာမများနှင့်အတူ သဲပုံစေတီတော်အား ပြုလုပ်ကြသည်။ ထို့နောက် ဘုရားပုရဝဏ်ထောင့် ၄ထောင့်တွင် သာသနာ့အလံ တပ်ဆင်ထားသည့် ငှက်ပျောပင် ၄ပင်ကို စိုက်ထူကြပြီး ကန်တော့ပွဲ၄ပွဲနှင့်လည်း ပူဇော်ထားသည်။ ယင်းနောက် မှော်ဘီမြို့၊ အောင်ဇမ္ဗူကျောင်းတိုက်ဆရာတော်အပါအဝင် သံဃာတော်၁၁ပါးက ဒကာ၊ ဒကာမများနှင့်အတူ သဲပုံစေတီရှိရာသို့ ကြွချီကြသည်။ ဆရာတော်များနှင့် ဒကာ၊ ဒကာမများက တံခွန်ကုက္ကားများ၊ သာသနာ့အလံများကို ကိုင်ကာ သဲပုံစေတီတော်များ ၃ပတ်ပတ်၍ လှည့်လည် ပူဇော်ကြသည်။ ထို့နောက် ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဒကာ၊ ဒကာမများကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးခဲ့ပါသည်။ နွားနို့နှင့် ပေါက်ပေါက်ဆုပ်တို့ကိုလည်း ပင်လယ်တွင်းသို့ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။
သဲပုံစေတီတော် တည်ထားကိုးကွယ်ခြင်း အခမ်းအနားပြီးဆုံးသောအခါ ဆရာတော်များနှင့် ဆရာတော်၏ ဒကာရင်း၊ ဒကာမရင်းများက လာရောက်ကြသော ပရိတ်သတ်များကို ပိုက်ဆံများ ပေးဝေသေးကြောင်း သိရသည်။ ငွေဆောင်မှ ရဲတပ်ဖွဲ့ဝင်များကလည်း လူစုလူဝေး မဖြစ်စေရန်အတွက် လူများအား စနစ်တကျ စီတန်းနေရာချထားပေးကြောင်း သိရသည်။ သဲပုံစေတီပွဲသို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ကြောင်း သိရသည်။ သဲပုံစေတီပွဲ အခမ်းအနားသည် ရာသီဉတု အခြေအနေ ကောင်းမွန်စွာဖြင့် ပြည်သူလူထုကလည်း ဆူဆူပူပူမရှိဘဲ အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး( ပြန်/ဆက်)