ကန်ကြီးထောင့်မြို့နယ်၌ မသန်စွမ်းသူ ၈၀၆ ဦးအား CERP အရ ထောက်ပံ့ငွေများပေးအပ်

ကန်ကြီးထောင့်   စက်တင်ဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မသန် စွမ်းသူ ၈၀၆ ဦးအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နိုင်နိုင်စိုးမှ ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မသန်စွမ်းသူ ၈၀၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၄၁ သိန်း ၈ သောင်းကို ပေးအပ်ရာ တက်ရောက်လာသည့် မသန်စွမ်းသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများသည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စုမှ ထောက်ပံ့ရန် ကျန်ရှိသော မသန်စွမ်းသူ ၈၀၆ ဦးအားထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)