သရက်ချောင်း ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလင်းက ငလျင်ဘေးအန္တရာယ်၊ ဆူနာမီဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဦးနေလင်းဦးက မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်ကို ဟောပြောဆွေးနွေးပြီး ဌာနဆိုင်ရာများမှ အသိပညာပေး လက်ကမ်းစာစောင်များ၊ အသိပညာပေးဗီနိုင်းများကို ဖြန့်ဝေပေးခဲ့ကြောင်း၊ အခမ်းအနားကို မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)