အထက်မင်းလှ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများတွင် ပိုးလောက်လန်းကင်းစင်ကျောင်း ဖြစ်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ မုန့်ဆိုင်များတွင် ရောင်းချနေသော အစားအစာများ စစ်ဆေးခြင်းနှင့် ယင်လုံအိမ်သာများ စစ်ဆေး ခြင်းတို့ကို ယနေ့ နံနက် ၉ နာရီခွဲက မင်းလှ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများက ကျောင်းအတွင်းရှိ သောက်သုံးရေထည့် သောရေလှောင်ကန်များ၊ အုတ်ကန်၊ ကျောက်စည်များတွင် ခြင်ခိုအောင်းခြင်း မရှိစေရန်နှင့် ပိုးလောက်လန်းများမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား လက်တွေ့ပြသပြီး၊ အသိပညာပေး ရှင်းလင်းပြောကြားခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မုန့်ဆိုင်များတွင် ရောင်းချနေသော အစားအစာများ သန့်ရှင်းမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ယင်လုံအိမ်သာများ စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပိုးလောက်လန်းကင်းစင်ကျောင်းများ ဖြစ်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)