ကဝမြို့နယ်၌ ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ကဝ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ်(၃၄)စက်မှုလယ်ယာစခန်း(အုန်းနှဲ)တို့ပူးပေါင်း၍ အမှတ်(၁)ရွာသစ်ရပ်ကွက် ကွင်းအမှတ်(၁၀၉၂-ခ) တောင်သူဦးကိုကိုလွင်၏ လယ်ယာမြေ(၁၀)ဧကပေါ်တွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့်  လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို  ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲကိုကိုက ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးနိုင်ရန်အတွက်   ပျိုးထောင်ဘန်းနှင့်  ပျိုးထောင်နည်းစနစ်၊ ပျိုးထောင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး၊  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရန်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ လက်ကိုင်းရှည်ထွန်စက်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ အရစ်ကျစနစ်ဖြင့်ရောင်းချပေးမည့် စက်ယန္တရားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းသန်းဝင်း (ပြန်/ဆက်)