မင်းလှ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပေါက်ကုန်းကျေးရွာအနီး တည်ဆောက်ထားသော ပန်းဇံမြောင်းရေထိန်းတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်း ရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ပန်းဇံမြောင်းရေတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် ပေါက်ကုန်းအုပ်စု၊ သဲကောအုပ်စု၊ တူးမြောင်းအုပ်စုအတွင်းရှိ ဒေသခံတောင်သူများက ဘုံလုံသီး၊ ဘူးသီး၊ ပဲတောင့်ရှည်နှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော သီးနှံများကို နေ့စဉ်သီရိမင်္ဂလာဈေးကြီးသို့ တင်ပို့ရောင်းချခဲ့ရာ အမြတ်ငွေများရရှိ လျက်ရှိသည်။
“ဘုံလုံသီးကို မေလကစတင်စိုက်ပျိုးခဲ့ပါတယ်၊ စိုက်ပျိုးစရိတ်က တစ်ဧကကို (၆) သိန်းကျော်လောက်ကုန်ကျပါတယ်၊ ယခုနှစ်သီးနှံအထွက်ကောင်းပြီး ဈေးကောင်းရတော့ တစ်ဧကကို(၁၆)သိန်းဝန်းကျင်ရရှိပါတယ်၊ စိုက်ပျိုးရေလုံလောက်စွာရရှိလို့ လာမည့်နှစ်မှာလည်း ထပ်မံစိုက်ပျိုးမှာပါဟု” တောင်သူဦးအောင်မြင့်က ပြောပါသည်။
မင်းလှမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်ဧက(၄၅၉) ဧကကျော်ရှိ၍ ရာသီအလိုက်ထွက်ရှိသည့် သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း တို့ဖြင့် အမြဲမပြတ် စိုက်ပျိုးထုတ်လုပ်ရောင်း ချလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)