မော်လိုက်ခရိုင်၌ စီမံကိန်းဆိုင်ရာ စာရင်းအင်းများနှင့် ဌာနဆိုင်ရာ ငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်း ဖွင့်လှစ်

မော်လိုက် ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဌာနဆိုင်ရာများမှ အရည်အသွေးပြည့်ဝသော စာရင်းအင်းများ ပြုစုနိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ စာရင်းအင်းများနှင့် ဌာနဆိုင်ရာ ငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် က အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုဖွင့်လှစ်ပေးသည့် သင်တန်းသည် အရည်အသွေး ပြည့်ဝသော စာရင်းအင်းများ ပြုစုနိုင်ရေးအတွက် အသိပညာ မျှဝေပေးတဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း တစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စာရင်းအင်းများဟာ အသက်ရှိပြီး အရေးကြီးတယ်ဆိုတာ လက်ခံထားကြဖို့ လိုအပ်ပါကြောင်း၊ စာရင်းအင်းများဟာ နိုင်ငံဖွံ့ဖြိုးရေးမှာ အရေးကြီးတဲ့အတွက် နိုင်ငံတကာမှာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းစာအုပ်တွေ ပြဌာန်းထားသလို မြန်မာနိုင်ငံမှာလည်း စာရင်းအင်းဥပဒေ၊ စာရင်းစစ်ဥပဒေ၊ ဘဏ္ဍာရေးဆိုင် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေ ပြဌာန်းထားတာကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ စာရင်းအင်း အချက်အလက်များဟာ နိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာ အဆင့်အတန်း၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ ဆုံးဖြတ်ချက်များအတွက် အရေးကြီးတာကို သိမြင်ထားကြရန် လိုအပ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ စာရင်းအင်းတွေက အရေးကြီးသလို ဌာနဆိုင်ရာ ငွေစာရင်းတွေကလည်း အရေးကြီးပါကြောင်း၊ ငွေစာရင်းများကို ပြုစုရာမှာ ဘဏ္ဍာရေးစည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်စာရင်းဇယားပုံတွေနှင့်အညီ ပြုစုရတာ ဖြစ်လို့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း၊ ဒါမှသာ စာရင်းအင်း အလွဲအမှားများကြောင့် ဖြစ်ပေါ်နိုင်သည့် နိုင်ငံ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ၊ လူမှုရေး၊ စီးပွားရေးအရ ထိခိုက်နစ်နာ ဆုံးရှုံး မှုများမှာ လျော့နည်းလာမှာ ဖြစ်ပါကြောင်း၊ စာရင်းပြုစုတဲ့ ဝန်ထမ်းများအနေဖြင့် စာရင်းများကို ပြုစုရာမှာ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို သိရှိနားလည်းပြီး မိမိတို့ ဌာန၊ မိမိတို့ အကြီးအကဲများအတွက် တာဝန်ခံဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မှန်ကန်ပြီး အရည်အသွေး ပြည့်ဝသည့် စာရင်းအင်းအချက်အလက်များကို ပြုစုပေးနိုင်မှ မိမိတို့ အထက်အကြီးအကဲများ၊ နိုင်ငံ့အကြီးအကဲများက မှန်ကန်တဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းမှ မျှဝေပေးတဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး မှန်ကန်တဲ့ အရည်အသွေးပြည့်ဝသည့် စာရင်းများကို စစ်ဆေးပြုစုပြီး မိမိတို့ တာဝန်ကျရာဒေသ၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးမှာ တာဝန်ကျေပွန်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့လာဆည်းပူးကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းဆိုင်ရာစာရင်းအင်းများနှင့် ဌာနဆိုင်ရာ ငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းကို ယနေ့မှ (၇)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းတွင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်မှ စီမံကိန်းဆိုင်ရာစာရင်းအင်းများ ပြုစုခြင်းနှင့် ခရိုင်စာရင်းစစ်အရာရှိ ဒေါ်ရည်မွန်က ဌာနဆိုင်ရာ ငွေစာရင်းများ ပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ မော်လိုက်ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းစုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး