မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ

မြိတ် ဇူလိုင် ၆

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ ပါမောက္ခချုပ်က ပြိုင်ပွဲကစားနည်း စတင်ရွေ့အကွက်ပြုလုပ်ပေး၍ ပြိုင်ပွဲစတင်ခဲ့သည်။

ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲအမျိုးအစားဖြင့် ကျင်းပသွားမည်ဖြစ်၍ ဘာသာရပ်(၆)ခုမှ ကျောင်းသား/သူ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြပြီး ပြိုင်ပွဲကို ဇူလိုင်လ(၆) ရက်မှ(၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးလျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)