ပလောက် ဇူလိုင် ၆
မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate (ပိုးလောက်လန်းနှိမ်နှင်းဆေး) ခပ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးသွင်စည်သူကျော်ထွေးနှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းများကို သရုပ်ပြကာ ရေသိုလှောင်ကန်၊ ရေအိုးများ၊ ရေမြောင်း၊ ရေစည်၊ အမှိုက်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရေးအတွက် Abate (ပိုးလောက်လန်းနှိမ်နှင်းဆေး) များ ခပ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို ကျန်ရှိသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နှင်းမြူလွင် ပလောက်