ကလိန်အောင် ဇူလိုင် ၆
မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ဒေသမှထွက်ရှိသည့် ကိုကိုးအသီးများ ပြည်တွင်း/ပြည်ပက ဝယ်လိုအားမြင့်တက်လာမှုကြောင့်ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
"ပြီးခဲ့သည်နှစ်က ကိုကိုးသီးဝယ်ယူဈေနှုန်းမှာ တစ်ကီလိုလျှင် ငွေ(၄၅၀)ကျပ်ရရှိပြီး လက်ရှိ၀ယ်ယူပေါက်ဈေးမှာ တစ်ကီလိုလျှင် (၅၅၀) ရာနှုန်းရရှိကြသဖြင့် (၁)နှစ်ကို(၈)သိန်းနီးပါး လောက်အပို၀င်ငွေ ရရှိကြပါတယ်"ဟု ကလိန်အောင်မြို့မှ စိုက်ပျိုးရေးတောင်သူ ဦးနေလင်းအောင်က ပြောသည်။
ကလိန်အောင်မြို့ ဒေသအတွင်းမှထွက်ရှိသည့် ကိုကိုးအသီးများကို အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီမှ လာရောက်ဝယ်ယူကြသလို ကလိန်အောင်မြို့ အောင်ဇမ္ဗူကိုကိုးခြံလုပ်ငန်းကလည်း ဝယ်ယူလျက်ရှိကြောင်း လုပ်ကိုင်သူဦးနေလင်းအောင် ဆက်လက်ပြော သည်။ ဝယ်ယူရရှိသော ကိုကိုးအသီးကုန်ကြမ်းများကို ကုန်ချောအဖြစ်ကော်ဖီ၊ ချောကလက်ကုန်ချော(၆)မျိုး၊ လက်ဖက်ခြောက်စသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ကြပြီး ပြည်ပ/ပြည်တွင်းသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။
ကိုကိုးအပင်များကို ဇွန်လမိုးရာသီတွင် စတင်စိုက်ပျိုးရာတွင်(၃) နှစ်ကြာတွင် ပန်းများစပွင့်ပြီး (၅)နှစ်ကြာမှာ ခူးဆွတ်ရောင်းချရပြီး နှစ်ရှည်အပင်ဖြစ်သည်။
"ကိုကိုးအပင်က နေရောင်တိုက်ရိုက်ထိတွေ့မှုကိုမကြိုက်ဘူး၊ အဲဒါကြောင့် လက်ရှိရေမြေအနေ အထားအရအစိုဓာတ်ရှိတဲ့ ကွမ်း သီးအပင်ကြားမှာ စိုက်ပျိုးတာအသင့်လျော်ဆုံးဖြစ်တယ်၊ ကလိန်အောင်မြို့မှာက ကွမ်းသီးခြံစိုက်ပျိုးဧကများတော့ တောင်းသူများအနေနဲ့ ကွမ်းသီးခူး ဆွတ်ပြီးရင် ၀င်ငွေအပိုရရှိစေဖို့အတွက် ကိုကိုးအပင်များကို ကြားညှပ်စိုက်ပျိုးခြင်းဖြင့်အကျိုး အမြတ်များ ရရှိကြပါတယ်၊ ကျွန်တော်ကွမ်းခြံထဲမှာ စိုက်ပျိုးထားတာကိုကိုးအပင်(၄၀၀) လောက်ရှိတယ်၊ အခုခူးပြီးရောင်းနေရတယ်" ဟု ကိုကိုးစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။ ကလိန်အောင်မြို့တွင် ကိုကိုးအသီးအပင်များကို ကွမ်းသီးခြံများတွင် ကြားသီးနှံများအဖြစ် ကြား ညှပ်၍ ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည်။၂၀၀၆ ခုနှစ်တွင် ကိုကိုးအပင်မျိုးစေ့များကို ရတနာ လူမှုစီးပွားစိုက်ပျိုးရေးအဖွဲ့နှင့် အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီတို့က ပူးပေါင်းပြီး ကလိန်အောင်မြို့နှင့် ကံပေါက်ဒေသတို့တွင် စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)