ဟင်္သာတ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်း က ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် တာတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရူစစ်ဆေး ခဲ့သည်။ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်ဆွေနှင့် တိုင်းဒေသ ကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးတိုး အောင်လင်းတို့က ဧရာတီမြစ်ရေ မြင့်တက်လာမှုကြောင့် လက်ရှိ အခြေအနေတွင် ၄၂.၂၀ လက်မသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ၄၄.၀၀ သို့ရောက်ရှိရန် နီးကပ်နေမှုအခြေအနေများကို လည်းကောင်း၊ ဧရာဝတီမြစ်ရေလမ်းကြောင်း အခြေအနေများ၊ ကမ်းပြိုကမ်းစားမှု အခြေအနေ များနှင့် ရေကာတာများ ပြုပြင်ထားရှိမှုများ၊ ရေကင်းစခန်းများ နေရာချထားမှုများ၊ တာတမံကြံ့ခိုင် မှုအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ ရေကင်းစခန်း အမှတ်(၈) အိပ်ပျက် တာတမံနယ်သို့ ရောက်ရှိပြီး ရေကင်းစခန်းတွင် ရေဘေးကာကွယ်ရေးပစ္စည်း များ အသင့်စုဆောင်းထားရှိမှုတို့ကို ကြည့်ရှုခဲ့ပြီး ဟင်္သာတမြို့၊ လက်သမား ရပ်ကွက်၊ တာကြီးတန်းလမ်းရှိ ရေကင်းစခန်းအမှတ်(၁၀)၊ ဦးပါရဲ မြို့မ(၁)တာတမံနယ်မြေသို့ရောက်ရှိ၍ ဧရာဝတီမြစ်ရေ မြင့်တက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဟင်္သာတဘူတာရုံသို့ ရောက်ရှိပြီး ဘူတာရုံအတွင်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်များသို့ လိုက်ပါစီးနင်းရန် စောင့်ဆိုင်းနေသည့် ခရီးသည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး ဟင်္သာတဘူတာရုံ ဧည့်ခန်းမတွင် မြန်မာမီးရထားဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ မန်နေဂျာ ဦးစိုမိုးနိုင် (အမှတ်-၉တိုင်းတာဝန်ခံ)က ပုသိမ်မှ-ကြံခင်းသို့ အမှတ် (၁၈၅)အဆန် စာပို့ရထားနှင့် ကြံခင်းမှ ပုသိမ်သို့ အမှတ်(၁၈၆)အစုန် စာပို့ရထား ပြေးဆွဲနေမှု အခြေအနေများ၊ ခရီးသွားပြည်သူများ အဆင်ပြေ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ