တမူး ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်(၉) နာရီ အချိန်က ကိုဗစ်ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ သာသနာ့ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကို ကာကွယ်ဆေး အမျိုးအစား ထိုးနှံပြီးစီးမှုအလိုက် သီးခြားအုပ်စုများခွဲ၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အတွက် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ