ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအတွင်းရှိသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေး

ပခုက္ကူ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့အထိ အသက်၂လမှ ၁၈လအတွင်း ရှိသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း သုံးထောင်ကိုးရာတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေး ဌာနခွဲ(၁)နှင့် (၂)တို့၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၁ရက်နေ့မှ စတင်ပြီး အသက်(၂)လမှ (၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ ယနေ့အထိ ကလေးငယ်(၃၇၄၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၈၇)ဦး၊ စုစုပေါင်း (၃၉၂၉)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ် နေရာသတ်မှတ်ကာ နယ်မြေခံ ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန် လှည့်လည် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များအား လာရောက် ထိုးနှံပေးကြရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ် လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)