ပဲခူးမြို့၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသား ဖောက်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပဲခူး ဇူလိုင် ၆

ပဲခူးမြို့တိုင်းဒေသကြီး ငါးလုပ်ငန်းသင်တန်းကျောင်း၌ ယမန်နေ့က အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မှီခိုရပ်တည်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ (GAap)စနစ်ဖြင့် မွေးမြူထုတ်လုပ်မှသာ ဘေးကင်းလုံခြုံသော အစားအစာများသည် အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ပယောဂကြောင့် ငါးထုတ်လုပ်မှုများ ထိခိုက်လျော့နည်းလာသဖြင့် မိမိတို့တိုင်းဒေသကြီး အတွင်း ငါးထုတ်လုပ်မှု ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း၊ ငါးကန်များပြင်ဆင်ခြင်း၊ မျိုးငါးများရွေးချယ်ခြင်း၊ ငါးမှုံငါးသန်ပြုစုခြင်း၊ ငါးမွေးမြူခြင်း၊ ငါးစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာခြင်း၊ မွေးမြူရေးငါး ဆေးထိုး သားဖောက်ခြင်း စသည့်သင်ခန်းစာများအား စာတွေ့၊လက်တွေ့ သင်ကြားပို့ချမည်ဖြစ်၍ ကြိုးစားသင်ယူစေလိုကြောင်းနှင့် မြန်မာ့တိုင်းရင်းငါးမျိုးစိတ်များကိုလည်း သိပ္ပံနည်းကျ စနစ်တကျ မွေးမြူနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကျောင်းတာဝန်ခံ ဒေါ်စန်းစန်းလှိုင်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား/သင်တန်းသူတို့နှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား ဇူလိုင်လ(၅)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်း (၁၂)ဦး၊ ပဲခူးတက္ကသိုလ်မှ သတ္တဗေဒအထူးပြု ဒုတိယနှစ် ကျောင်းသား/ ကျောင်းသူ (၂၁) ဦးနှင့် ပြင်ပငါးလုပ်ငန်းရှင်(၃)ဦး စုစုပေါင်း(၃၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်