မင်းလှမြိုနယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

အထက်မင်းလှ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံ ပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူ(၁၂၀၄၁) ဦးတို့အား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြေခံပညာကျောင်းများသို့ လိုက်လံ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)