ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေး

ပွင့်ဖြူ ဇူလိုင် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးရွာနေပြည်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၅၉၅ သန်းဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် အား လမ်းအကျယ် ၁၂ ပေ၊ တစ်ပေနှင့် ၉ လက်မထု မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက် ကုန်ထုတ်လမ်းကို ယနေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှဌေးမောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေါ်လွင်ဝေအောင် - (ဦးစီးအရာရှိ - နည်းပညာ)က ကွင်းဆင်းကြီးကြပ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရကာ ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ၄၈ ရာခိုင်နှုန်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် အပြီးဖောက်လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လွင်ဝေအောင် (ဦးစီးအရာရှိ - နည်းပညာ)ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၆၅ အိမ်မှ လူဦးရေ ၂၂၅၈ ဦး၏ စိုက်ပျိုးလယ်မြေဧက ၃၅၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာ စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ပြီး သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။ 

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)