လွိုင်ကော်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဇူလိုင် ၇

၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်းအတွင်းကျင်းပရာ အခြေခံပညာ ဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူး၊ လွိုင်ကော်ခရိုင်ပညာရေးမှူး၊  သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဝန်ထမ်းများ၊ အ.ထ.ကခွဲနမ့်ကွတ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ကယားပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီး ဖြန့်ဝေပေးအပ်ခဲ့ကြပြီး မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုး ပေးခဲ့ကြသည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ ၊ အရိပ်ရသစ်မျိုးများပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၂,၅၀၀)ကိုပျိုးထောင်ထားပြီး ယနေ့မိုးရာသီ  စုပေါင်းသစ်ပင် စိုက်ပွဲတွင် ကံ့ကော် ၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ မဟော်ဂနီ ၊ ခရေ ၊ ပိတောက်၊ ဆီသပြေ၊ သပြေဘူတ စသည့်သစ်မျိုးပင် (၁၀)မျိုး၊ စုစုပေါင်း (၆၀၀)ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် ပျော်ရွင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)