ဖားဆောင်း ဇူလိုင် ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့က မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဌာနမှ သူနာပြု(၁) ဒေါ်သက်သက်ထွေးက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ငှက်ဖျားရောဂါနှင့်မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန်လိုအပ်ကြောင်း၊ ငှက်ဖျားရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများတွင် ဖြစ်ပွားမှုများပြားကြောင်း၊ ကိုယ်ခံအားနည်းသူတို့တွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ ရောဂါလက္ခဏာများအဖြစ် အလွန်အမင်း အဖျားတက်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း၊ အဖျားကျသွားခြင်း၊ ရက်ခြားဖျားခြင်း၊အော့အန်ခြင်း၊ ကယောင်ကတန်းဖြစ်ခြင်းတို့ဖြစ်ပွားတတ်ကြောင်း၊ ငှက်ဖျားရောဂါပိုး ရှိ၊မရှိ သွေးဖောက်စစ်ဆေးသင့်ကြောင်း၊ ငှက်ဖျားရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း၊ ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် မည်သည့်နေရာတွင်မဆို ခြင်ထောင်ဖြင့်အိပ်ရန်နှင့် အဝတ်များလုံခြုံစွာ ဝတ်ရန်လိုကြောင်း၊ ချုံနွက်များရှင်းလင်းရန်၊ စိမ့်စမ်းချောင်းနှင့်မြောင်းများကို ခြင်ပေါက်ပွားမှုမရှိစေရန် ရေစီးရေလာကောင်းအောင် ပြုလုပ်သင့်ကြောင်းစသည့် ငှက်ဖျားရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)