သဲကုန်း ဇူလိုင် ၆
သဲကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ် ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ ကွင်းအမှတ် (၉၆၀-ခ) တောင်သူဦးရဲထွဋ်ဝင်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုနှင့်ပတ်သတ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးသူက တောင်သူများအနေဖြင့် စပါးအထွက်နှုန်း ကောင်းစေရန်နှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များကို အသုံးပြုတတ်စေရန်အတွက် ကောက်စိုက်စက်ဖြင့် တောင်သူဦးရဲထွဋ်ဝင်း အပါတောင်သူ(၆)၏ လယ်မြေ(၁၈)ဧကတွင် ရတနာတိုး၊ ထိုင်းနှံကောက်၊ GW-11 စပါးမျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့်၊ တောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးခသက်သာခြင်း၊ မျိုးစေ့ကုန်သက်သာခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် တစ်နေ့ကို (၅)ဧကကျော် စိုက်ပျိုးနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို ပြည်ခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးတို့တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများမှာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်