အိမ်မဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးလေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေ (Consumer Protection Law) စာအုပ်မှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးဆီသုံးစွဲမှု လျော့ချစေရန်အကြောင်း သိကောင်းစရာများ၊ ဟင်းရွက်ဆီရောင်းချမှုနှင့် ပတ်သက်၍ ကုန်ညွှန်းအမှတ်အသားနှင့် ဖော်ပြပါ အချက်အလက်များ ပြည့်စုံစေရန် ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးနံရံကပ် စာစောင်ဓာတ်ပုံပြပွဲများနှင့် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)