ဘိုကလေး ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းသည် (၂၀၀၈)ခုနှစ် ဩဂုတ် (၂၈)ရက်နေ့တွင် သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရဟိတစိတ်ဓာတ် အရင်းခံကြသည့် လူကြီး၊ လူငယ်များ၊ ဆရာ/မများနှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး “ပညာဖြန့်ဝေ ဂုဏ်တင့်စေလှ သဒ္ဓမ္မပါလ ပရဟိတ” ဟူသော ၎င်းတို့၏ ဆောင်ပုဒ်နှင့်အညီ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းတို့တွင် ပညာသင်ကြားရန် ခက်ခဲနေသော ကျောင်းသား/သူများအား အဓိကရည်ရွယ်၍ နှစ်စဉ် အခမဲ့ပညာသင်ကြားပေးခြင်း၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက် ရှိနေသူများအတွက် လူမျိုးဘာသာ မခွဲခြားဘဲ တတ်စွမ်းသမျှ ထောက်ပံ့ကူညီ လှူဒါန်းလျက်ရှိသည်။
ထို့အပြင် ဘာသာရေးအတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ အမြဲမပျက် သင်ကြားပို့ချပေးခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူ၊ လူငယ်များအား အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ အခမဲ့ဖွင့်လှစ်ပို့ချပေးခြင်း၊ စားဝတ်နေရေး ခက်ခဲနေသော ကာလများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလများတွင်လည်း အခက်အခဲရှိသည့် အိမ်ထောင်စုများနှင့် သီလရှင်ကျောင်းများအား အခြေခံစားသောက်ကုန်များ၊ ကိုဗစ်-၁၉ စင်တာမှ လူနာများနှင့် စေတနာ့ဝန်ထမ်းများအတွက် နေ့စဉ် အာဟာရဒါနပေးပို့ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်း၏ လုပ်ငန်းကိစ္စများ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေများအား ဒါယကာ၊ ဒါယိကာမများထံမှ အာစိဏ္ဏကံ စုဗူးများ ထည့်ဝင်စေခြင်း၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် လူပုဂ္ဂိုလ်များ၏ ကူညီထောက်ပံ့မှုကို လက်ခံခြင်းတို့ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်၊ သံဃာတော်များ ထံမှသိရသည်။
မိုးစက်(ဘိုကလေး)