ရေနံချောင်းတက္ကသိုလ်၌ ကောင်းမွန်သော ရေနေသတ္တဝါ ငါး/ပုစွန်မွေးမြူရေး သင်တန်းဖွင့်လှစ်

ရေနံချောင်း ဇူလိုင်

ရေထွက်ကုန်ပစ္စည်းများ မွေးမြူထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ကျောင်းသားကျောင်းသူများ သင်ခန်းစာများသင်ယူရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ပူးပေါင်းကာ ကောင်းမွန်သော ရေနေသတ္တဝါ ငါး/ပုစွန်မွေးမြူရေး သင်တန်းကို ယမန်နေ့က ရေနံချောင်းတက္ကသိုလ် သတ္တဗေဒဌာန စာသင်ခန်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က သတ္တဗေဒကျောင်းသား ကျောင်းသူများအနေနဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ရေမြေ တိုးတက်ဖို့အတွက် ကိုယ့်ဘာသာရပ်ကို စိတ်နှစ်ပြီးကြိုးစားသင်ယူကြ စေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာဖူလုံစေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူရေး ကဏ္ဍဖြင့် တစ်ဖက်တစ်လမ်းမှနေ၍ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး(GAqP)သည် နိုင်ငံတကာအစားအစာ ဘေးအန္တရာယ် ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျည်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား  ထိခိုက်မှုမရှိသော မွေမြူထုတ်လုပ်မှု ကျင့်စဉ်ဖြစ်ကြောင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို မိတ်ဆက်ရှင်းလင်း သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ကောင်းမွန်သောရေနေသတ္တဝါ ငါး/ပုစွန်မွေးမြူရေးနှင့် ပတ်သက်၍ သင့်လျော်သော နေရာရွေးချယ်မှု၊ ကောင်းမွန်သော သန့်ရှင်းမှု၊ တိရစ္ဆာန်အစာစီမံခန့်ခွဲမှု၊ ဓါတုဆေးဝါးနှင့် တိရစ္ဆာန်ဆေးဝါးများ စီမံခန့်ခွဲမှု၊ ရောဂါ ဖြစ်နိုင်ချေ၊ ဖမ်းဆီးပြီးနောက်စီမံခန့်ခွဲမှု၊ မှတ်တမ်းများ ထိန်းသိမ်းခြင်းနှင့် နောက်ကြောင်း ပြန်လိုက်ခြင်း၊ ဝန်ထမ်းများအား သင်တန်းပေးခြင်း စသည့်သင်ခန်းစာများကို ပရိုဂျက်တာဖြင့် ဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်