မြို့သစ် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကြက်သွန်နီကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးကြပြီး မိသားစုဝင်ငွေ တိုးပွားစေရန်စိုက်ပျိုးရေး ဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက် ရှိသည်။ လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀) ကျပ် စျေးရောင်းချ နေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ကြက်သွန်နီများ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းလာသည့်အတွက် ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ကြက်သွန်နီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်ကကြက်သွန်နီများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုကြက်သွန်နီစိုက်ပျိုးမှုကို လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူ အချင်းချင်း ချိတ်ဆက်နည်းပညာရယူလေ့လာ၍ မြေအောက်ရေအသုံးပြုကာ ရာသီမရွေး စတင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်နွေရာသီအတွက် ကြက်သွန်နီ ထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေး မြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများ ထက်သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင်ကြက်သွန်နီစျေး တစ်ပိဿာ (၅၀၀/၁၀၀၀) ကျပ် စျေးအထိ စျေးကျဆင်းခဲ့ပြီး ယခုအခါကြက်သွန်နီစျေးများ (၂၀၀၀) ကျပ် စျေးရောင်းချ လာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ကြက်သွန်နီစိုက်ပျိုး ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)