ဘားအံ ဇူလိုင် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အမှိုက်များစနစ်တကျစွန့်ပစ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက အဓိကစွန့်ပစ်အမှိုက်များအကြောင်း၊ မြို့တော်ဧရိယာမှထွက်ရှိသည့်စွန့်ပစ်အမှိုက်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ် အမှိုက်များ၊ ဘေးအန္တရာယ် ဖြစ်စေသည့် ဓာတုဗေဒစွန့်ပစ်ပစ္စည်းများ၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအကြောင်းနှင့် ၎င်းစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်နိုင်မည့် နည်းလမ်းများ၊ အမှိုက်များစွန့်ပစ်ရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ စွန့်ပစ်ပစ္စည်းအမှိုက်များ၏ ဆွေးမြေ့ရန် ကြာမြင့်နိုင်သည့် သက်တမ်းများ၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းငါးသွယ် အကြောင်းများကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)