ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြော

ကျိုက်လတ် ဇူလိုင်  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နေ့လယ်  (၁) နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၂)ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဆေးရုံအုပ်ကြီး ဒေါက်တာမင်းသိန်းက ခြင်အမျိုးအစား သုံးမျိုးရှိကြောင်း ခြင်ကျား၊ ငှက်ဖျားခြင်၊ ဆင်ခြေထောက်ခြင်တို့ဖြစ်ပြီး ဥ ဥပြီး အကောင်ပေါက်ရန် (၁၀)ရက်ကြာကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ပိုးလောက်လန်းရှိသည့် ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများကို ပိုးလောက်လန်းဘဝမှ ခြင်အကောင်မဖြစ်စေရန် (၇)ရက်တစ်ခါ ရေများလဲလှယ်ပေးသင့်ကြောင်း၊ ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် နေရာများ၌ အဘိတ်ဆေးခတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရန် လိုကြောင်းများ၊ ခြင်ထောင်ထဲတွင် စာကျက်သင့်ကြောင်း၊ ခြင်ဆေးခွေသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသဖြင့် မထွန်းသင့်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်းတို့ကို  အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်