ကော့သောင်း ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရာတွင် လွန်ခဲ့သည့်ခြောက်လအတွင်းက အိန္ဒိယနိုင်ငံထုတ် Covishield ဆေးအမျိုးအစား နှစ်ကြိမ်ထိုးနှံပြီးထားသူများကို ထပ်မံ၍ (Covaxin) ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစား နှစ်ကြိမ်ထိုးနှံပြီးထားသူများကိုမူ အိန္ဒိယနိုင်ငံထုတ် Covishield ဆေးအမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကာကွယ်ဆေး Booster (ထပ်ဆောင်ထိုးနှံမှု)လုပ်ငန်းများကို ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ မြို့နေပြည်သူများကို ရပ်ကွက်အလိုက် အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)