ဖျာပုံမြို့၌ တင်ပုလွဲ (အလက)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်

ဖျာပုံ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ဖြစ်လာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က တင်ပုလွဲကျေးရွာ၊ တင်ပုလွဲ(အလက)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်က "စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူငယ်နှင့်အနာဂတ်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို တင်ပုလွဲ (အလက)ကျောင်း ကျောင်းတာဝန်ခံ ဆရာမကြီးထံသို့ ဖျာပုံမြို့နယ် အားကစားမှူးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)