ရွှေတောင်မြို့နယ်၌ စာကြည့်တိုက်ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင် ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာကြည့်တိုက်ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီပြင်ဆင်ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက်ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်ရေးအဖွဲ့ဝင် မြို့မိမြို့ဖဆရာကြီး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရုံးစာကြည့်တိုက်နှင့် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုဆောင်းထားရှိသော ငွေပဒေသာပင်တိုးပွားရေး၊ ကော်မတီအသစ်ပြင်ဆင်ဖွဲ့စည်းနိုင်ရေးတို့အတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ပိုမိုရှင်သန်ရပ်တည်နိုင်ရေး  ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သိရှိလိုသည်များကို ဆွေးနွေးညှိနှိုင်းတင်ပြကြရာ တာဝန်ရှိသူများက  တင်ပြချက်များအပေါ် ပြန်လည်အကြံပြု‌ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)