မြန်အောင်မြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် သတိပေး တားမြစ်ချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်

မြန်အောင် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှု မပြုလုပ်ကြရန် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် သတိပေးတားမြစ်ချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းကို မြန်အောင်၊ ကြံခင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ဆင်သေကျေးရွာအုပ်စု ထိန်ငူကျေးရွာမှ ကျောင်းသား/သူများ၊ ကျွဲစားကွင်းအင်း ဂရန်ကိုင်နှင့် ရေလုပ်သားများ၊ ကျေးရွာနေပြည်သူများအား ငါးရစ် ငါးသန်ကာလ ဖြစ်သောကြောင့် ငါးများမိတ်လိုက်၊ ဥချ၊ အကောင်ပေါက်သည့် ရာသီချိန်ဖြစ်၍ ငါးဖမ်းဆီးခြင်းမပြုရန်၊ ဘက်ထရီရှော့တိုက်ဖြင့် ငါးဖမ်းဆီးခြင်း၊ အဆိပ်ဆေးချငါးဖမ်းခြင်း၊ မိုင်းခွဲ ငါးဖမ်းခြင်းများ မပြုလုပ်ရန်နှင့် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေများအား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်း အသိပညာပေးပြောကြားခဲ့ပြီး ဆင်သေကျေးရွာလမ်းဆုံနေရာ၌ သတိပေးတားမြစ်ချက် ဗွီနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်းသိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်