တောင်တွင်းကြီး ဇူလိုင် ၅
၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးများအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကန်တော်ကြီးဆည်ရေသောက် လက်ဝဲမြောင်းမကြီးရှိ အမှိုက်သရိုက်များ၊ သဲနုံးများ၊ ခြုံနွယ်ပိတ်ပေါင်းများအား ယနေ့နံနက်(၇)နာရီက တောင်သူလယ်သမားများစုပေါင်း၍ တူးဖော်ရှင်းလင်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တရုပ်ကောအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြောင်းကော်မတီများ၊ မြောင်းခေါင်းများဦးဆောင်၍ တူးဖော်ရှင်းလင်းခြင်းဖြစ်သည်။ ၎င်းမြောင်းမကြီးမှာ အရှည်(၂)မိုင်၊ အကျယ် (၅)ပေ ၊ အနက်(၃)ပေရှိပြီး မြောင်းတိမ်ကောနေသဖြင့် လယ်သမားများ အောင်ရေအခက်အခဲများနှင့် နှစ်စဉ်ကြုံတွေ့နေရသည့်အတွက် တူးဖော်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ မြောင်းရှင်းလင်းပြီးပါက ဆည်ရေသောက်တောင်သူ (၁၀၀)ဦးတို့၏ စိုက်ဧက (၁၃၀၀)ဧကအား မိုးစပါးနှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တမာပင်မြောင်းခေါင်း ဦးတင်ညွန့် ပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်