ဘားအံ ဇူလိုင် ၅
၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး စီမံခန့်ခွဲမှုဦးစီးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကယခင်နှစ်များက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများကြောင့် အာဇာနည်နေ့အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှုနှုန်း သိသာစွာ လျော့နည်းကျဆင်းသွားပြီဖြစ်သည့်အပြင် လူဦးရေ ၄၀၀ ဦးခန့် စုဝေးခွင့်ရနိုင်သည့်အတွက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် အာဇာနည်ကျောက်တိုင်ပန်းခြံတွင် ချီတက်အလေးပြုခြင်းကို စနစ်တကျဆောင်ရွက်ကြဖို့လိုကြောင်း၊ ဇွဲကပင်ခန်းမ၌ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ လူ ၂၀၀ ဦးခန့်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအပြင် ဖိတ်ကြားထားသော လူပုဂ္ဂိုလ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ အာဇာနည်နေ့တွင် အစိုးရရုံးဌာနများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နေအိမ်များ၌ နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူသွားရန် ဆော်ဩပေးဖို့လိုကြောင်း၊ လုံခြုံရေးကို အထူးဂရုပြုစေလိုပြီး ဆပ်ကော်မတီအားလုံးက လုံခြုံရေးဆပ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီ(၇)ခုမှ အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့်အစီ အမံများအား ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးချက်များနှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)