ပဲခူး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အား Clean City & Green City အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်ပေါ်လာစေရေး ၂၀၂၀-၂၀၂၁ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျပ်(၆၃၇၅)သန်းကျော် အကုန်အကျခံ၍ မြို့ပြဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ လမ်း/ပလပ်ဖောင်း၊ တံတား/ရေမြောင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပြတစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟ ချက်နည်းပါးစေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက အားဖြင့် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ရေရရှိရေးနှင့် (၁)မြို့နယ် တစ်လလျှင် ကျေးရွာ(၁၀)ရွာနှုန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသလို တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ရပ်ရွာများ တည်ငြိမ်အေးချမ်းကာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး အများပြည်သူနေချင်ဖွယ်နေရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ရေး မိမိတို့ အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ တရားဝင်ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုး နိုင်သည့် မြေနေရာများ အခြားနည်းအသုံးပြုခြင်းမရှိစေရေး၊ ပဲခူးမြို့ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့မှုများ၊ လျှပ်စစ်မီးလင်းရေး၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ကောက်ခံခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ သိရှိလိုက်နာဆောင်ရွက်သွားရမည့် ဥပဒေ၊ နည်းဥပဒေများအား ကဏ္ဍအလိုက် အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အတွက် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကလိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့အား ကျပ်သိန်း(၃၀၀)ကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက Cash For Work စီမံကိန်းအတွက် စိုင်တီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ကျေးရွာအုပ်စု(၁၂)ခုတို့မှ အုပ်ချုပ်ရေးမှူးများအား ကျပ်သိန်း(၁၀၀)စီ အသီးသီးပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၁၀၆) ခုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်