ဖျာပုံ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် နည်းလမ်းများအား သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းပပကျော်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ အဆိုပါသဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းကို (၅-၇-၂၀၂၂)မှ (၇-၇-၂၀၂၂)ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)