ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း များ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်(၈)ဆိုင်၊ ဆေးဝါးနှင့် ဆေးဝါး ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား သွားရောက်ကာ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိ ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ၊ သက်တမ်းလွန်နေသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့က ဆေးဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေး အတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်း မပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)